စိတ်ဖိစီးမှုကြောင့် အစာအိမ်နံရံမှာ အနာဖြစ်ခြင်း သို့မဟုတ် Stress Ulcer
စိတ်ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပဲ ကြုံရလိမ့်မယ်လို့ ထင်နေပါသလား။ တကယ်တော့ ဒီယူဆချက်က မှားပါတယ်။ စိတ်ဖိစီးမှုဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင်တော့ Stress Ulcer ဆိုတဲ့ အစာအိမ်ကျန်းမာရေးပြဿနာတစ်မျိုး ရှိပါတယ်။
Stress Ulcer ဆိုတာက အစာခြေစနစ် အထက်ပိုင်းနားမှာဖြစ်တဲ့ အနာတွေကို ဆိုလိုတာပါ။ စိတ်ဖိစီးမှုတွေ များတာကြောင့် အစာခြေစနစ်ထဲက နေရာအချို့မှာ တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားပြီး ဖြစ်လာတဲ့ အနာတစ်မျိုးပါ။ ဒီအနာတွေက အစာခြေစနစ် အတွင်းနံရံတွေကို ပျက်စီးစေပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ပူပူလောင်လောင် ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ ပိုးဝင် ကူးစက်ခံရနိုင်ခြေလည်း များပါတယ်။ ထိခိုက်မှု အတိုင်းအတာကို လိုက်ပြီး အသေးစား ပူစပ်ပူလောင် ဖြစ်တာကနေ ပြင်းပြင်းထန်ထန် သွေးထွက်တဲ့ အခြေအနေမျိုးအထိ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာဖြစ်ပါတယ်။
Stress Ulcer က အစာအိမ်အနာနဲ့ မတူပါဘူး။ ဒါပေမယ့် ဒီအနာ အမျိုးအစား နှစ်ခုစလုံးက အစာအိမ်နဲ့ အူနံရံတွေမှာ အနာတွေ ဖြစ်တာပါ။ ဒါပေမယ့် အစာအိမ်အနာက အစာခြေစနစ် အတွင်းနံရံတွေ အားနည်းလာတဲ့အချိန်မျိုးတွေ နဲ့ ဆေးဝါးတွေကြောင့် တဖြည်းဖြည်းချင်း အစပျိုးလာတာပါ။ ဒါပေမယ့် Stress Ulcer ကတော့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေကြောင့် ရုတ်တရက်ဖြစ်လာတဲ့ အနာပါ။
အက်ဆစ်များတဲ့ အစားအစာတွေက အနာကို ပိုဆိုးစေနိုင်သလို စိတ်ဖိစီးမှုများတာကလည်း အစာခြေအက်ဆစ် ထွက်ရှိမှုကိုများစေပြီး အနာတွေကို ပိုဆိုးစေနိုင်ပါတယ်။ Stress Ulcer က ရောဂါအခြေအနေ ပြင်းထန်သူတွေမှာ ခံစားရတာများပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။
Stress Ulcers ဟာ အစာအိမ်ကျန်းမာရေးပြဿနာတစ်မျိုးဖြစ်တာမို့ အမှတ်တမဲ့ဆိုရင် အောက်ဖော်ပြပါ အစာအိမ်ပြဿနာတွေနဲ့ မှားယွင်းနိုင်ပါတယ်။
- Peptic Ulcers [အစာအိမ်အနာ] – အစာရေမျို၊ အစာအိမ် နဲ့ အူသိမ်အတွင်းနံရံတွေမှာ ဖြစ်တတ်တဲ့ အနာတွေ
- Gastritis [အစာအိမ် ရောင်ခြင်း] – အစာအိမ် အတွင်းနံရံတွေ ရောင်နေတာ
- Gastropathy [အစာအိမ်အတွင်းနံရံတွေ ရောင်ခြင်း] – အစာအိမ်ရဲ့ အတွင်းပိုင်းနံရံ အချွဲအလွှာတွေကို ထိခိုက်စေနိုင်တဲ့ ကျန်းမာရေး အခြေအနေ စတဲ့ အစာအိမ်ပြဿနာမျိုးတွေပါ။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ
Stress Ulcer က သိပ်မပြင်းထန်ဘူးဆိုရင် လက္ခဏာ မပြတာမျိုး ရှိနိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ မခံမရပ်နိုင်အောင် နာကျင်တာနဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။
Stress Ulcer ခံစားရသူအများစုက နဂိုကတည်းက မကျန်းမာကြတဲ့သူတွေ များတာကြောင့် အနာရဲ့ လက္ခဏာတွေကို အခြား နာမကျန်းမှုတွေရဲ့ လက္ခဏာတွေနဲ့ ခွဲခွဲခြားခြား သိနိုင်ဖို့ ခက်ခဲပါတယ်။
လက္ခဏာတွေ အနေနဲ့
- အစာအိမ် အထက်ပိုင်းနားက နာကျင်မယ်
- အစာစားပြီးချိန်မှာ သက်သာလာမယ် ဒါမှမဟုတ် ပိုပြီး နာကျင်လာမယ်
- လေပွနေသလို ခံစားရမယ် ဒါမှမဟုတ် တစ်ခါတလေမှာ ဗိုက်ပြည့်နေသလို ခံစားရမယ်
- မအီမသာဖြစ်မယ် ဒါမှမဟုတ် အော့အန်မယ်
- သွေးအားနည်းရောဂါ လက္ခဏာလိုမျိုး အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်တာ၊ အရေပြား ဖျော့တော့တာမျိုးတွေ ခံစားရနိုင်ပါတယ်။
Stress Ulcer ကို ဖြစ်စေနိုင်တဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကတော့
- နာတာရှည် ကျန်းမာရေးပြဿနာ တစ်မျိုးမျိုး ခံစားနေရတာ
- စိတ်ဖိစီးမှုများပြီး စိတ်ဓာတ်ကျနေတာ
- ဦးနှောက်ထိခိုက်မှု ဖြစ်ထားတာ
- လိပ်ခေါင်းရောဂါ ရှိနေတာ
- ထိခိုက်ဒဏ်ရာရထားတာ
- မေးခိုင်ပိုးဝင်တာ
- Shock ရတာ (သွေးလန့်တာ)
- ခွဲစိတ်ကုသမှု ခံယူထားတာ စတဲ့ အကြောင်းအရင်းတွေပါပဲ။
ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ များလဲ
အပေါ်မှာ ပြောခဲ့သလိုပဲ Stress Ulcerက အထူးကြပ်မတ်ကုသမှုကို ခံယူနေရသူတွေ နဲ့ နဂိုကတည်းက မကျန်းမာကြတဲ့သူတွေ၊ စိတ်ဖိစီးမှုများနေသူတွေမှာ အဖြစ်များပါတယ်။
- သွေးဆဲလ်ပြဿနာရှိသူတွေ
- အရင်က အနာဖြစ်ဖူးသူတွေ
- ပြင်းထန်တဲ့ ဦးနှောက် ထိခိုက်မှု ဖြစ်ဖူးသူတွေ နဲ့
- နှလုံးရောဂါ ခံစားနေရသူတွေမှာ အဖြစ်များပါတယ်။
အချို့သော Stress Ulcer တွေက သွေးအလွန်အကျွံထွက်တာမျိုး ဖြစ်စေနိုင်ပြီး ဒီလို သွေးဆုံးရှုံးမှုက အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါတစ်ခုခုကို ခံစားနေရသူမှာ ဒီလိုမျိုး သွေးဆုံးရှုံးမှု ဖြစ်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်နိုင်တာမို့ သတိထားဖို့ အထူးလိုအပ်ပါတယ်။